ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။
(၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
(၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
(၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
(၄) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂါယာ အစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။
စေတီဆိုတဲ့ ဝေါဟာရ နှင့် အဓိပ္ပာယ်
စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင် မပွင့်ထွန်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီသမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသည်ဖြင့် သီးခြားသတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာ တောင်တွေဖြစ်ပါတယ်။ အချို့ကတော့ တောတွေဖြစ်ပါတယ်။
စေတီဆိုတဲ့ အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သော အရာ ၊ ဌာန အားလုံးပါဝင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ မြန်မာလို ပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတ ဆိုတာပဲ သင့်တော်မယ်ထင်ပါတယ်။
Myanmar Information
No comments:
Post a Comment